သုတေသန မြန်မာနဲ့ ကုန်စည်ပြပွဲသမိုင်း
မြန်မာနဲ့ ကုန်စည်ပြပွဲသမိုင်း Print E-mail
မဇ္ဈိမသတင်းဌာန   
Wednesday, 06 January 2010 17:36

၁၉၈၈ ခုနှစ် စစ်အစိုးရက အာဏာသိမ်းပြီး ဗဟိုချုပ်ကိုင်တဲ့ ဆိုရှယ်လစ် စီးပွားရေးကနေ မြန်မာပြည်ဟာ ဈေးကွက် စီးပွားရေးစနစ်ရယ်လို့ ပြောင်းလဲ ကျင့်သုံးလာပြီးတဲ့နောက် ပုဂ္ဂလိကပိုင်း အခန်းကဏ္ဍကို ပိုမို အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်း ဈေးပွဲတော်များ ပေါ်ထွန်းလာပါတယ်။  စတင်ကျင်းပချိန်များမှာ လူအများရဲ့ အထူး အားပေးမှုကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

တဆယ့်နှစ်လ ရာသီပွဲရယ်လို့တောင် ကဗျာတွေစာတွေ စပ်ဆိုရတဲ့အထိ ပွဲကြိုက်တဲ့ လူမျိုးဆိုတော့ ရိုးရာအလိုက်၊ ရာသီအလိုက် ကျင်းပခဲ့တဲ့ မြန်မာ့ဓလေ့ ဘုရားပွဲတွေကနေ ဒီဘက်ခေတ်မှာ ကုန်စည်ပြပွဲ၊ အထူးဈေးရောင်းပွဲ၊ သမဝါယမ ဈေးပွဲတော်၊ နည်းပညာပြပွဲ၊ ဖက်ရှင်ပြပွဲ၊ စတိတ်ရှိုးပွဲကနေ နောက်ဆုံး တရားပွဲကိုတောင် ရာသီမရွေး ကျင်းပလာနေခဲ့ပါတယ်။

ပြည်တွင်းမှာ ပြုလုပ်တဲ့ ဈေးပွဲတော်တွေအများစုဟာ ၁၉၉၅ နဲ့ ၁၉၉၇ ခုနှစ်အတွင်း အကောင်းဆုံး အနေအထား များစွာနဲ့ တွေ့ကြုံခဲ့ပါတယ်။ နိုင်ငံတကာမှ လုပ်ငန်းကြီးများစွာ ပါဝင်ပြသနိုင်ခဲ့တဲ့အထိ ကျင်းပနိုင်ခဲ့ပြီး အထူးခြားဆုံး ကုန်စည်ပြပွဲများအနေနဲ့ ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ထွန်းကြည်လက်ထက်မှာ နိုင်ငံတကာ ကုန်စည်ပြပွဲများကို ကျင်းပနိုင်ခဲ့ပါတယ်။ BMW, CATTERPLER တို့လို နာမည်ကျော် လုပ်ငန်းကြီးများ ဝင်ရောက် ပြသခဲ့ပါတယ်။

အစောပိုင်း ကုန်စည်ပြပွဲတွေကို ရန်ကုန်မြို့ရှိ သိမ်ကြီးဈေး C ရုံ၊ တပ်မတော်ခန်းမ၊ ဒဂုံ (မိုင်နာကွင်း) တို့မှာ ကျင်းပခဲ့ပြီး ၁၉၉၅ ခန့်မှာ ပြီးစီးခဲ့တဲ့ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာနမှာ နောက်ပိုင်း ကုန်စည်ပြပွဲတွေကို ၂ဝဝ၅ ခုနှစ်အထိ ကျင်းပခဲ့ပါတယ်။ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ကုန်စည်ပြပွဲနဲ့ ဈေးပွဲတော်များကို ကျင်းပခဲ့ပေမယ့် အစောပိုင်း ကာလတွေမှာ ကျင်းပတဲ့ ကုန်စည်ပြပွဲတွေမှာ နိုင်ငံတကာမှ လုပ်ငန်းများ ပါဝင်ခင်းကျင်းပြသမှုကို ရန်ကုန်နဲ့ မန္တလေးမြို့တို့တွင်သာ ကျင်းပနိုင်ခဲ့ပါတယ်။

တရုတ် ကုန်စည်ပြပွဲ၊ ထိုင်း ကုန်စည်ပြပွဲ၊ ဘင်္ဂလားဒေရှ့် ကုန်စည်ပြပွဲ၊ ဗီယက်နမ် ကုန်စည်ပြပွဲတို့လို့ သီးသန့် လာရောက်ပြသတဲ့ ကုန်စည်ပြပွဲတွေကို ရန်ကုန်မြို့မှာ အများဆုံး ကျင်းပနိုင်ခဲ့ပြီး ထိုင်း ကုန်စည်ပြပွဲဟာ မြန်မာလူထု အတွက် ရေပန်းအစားဆုံး ကုန်စည်ပြပွဲတခု ဖြစ်ခဲ့ပါတယ်။

၂ဝဝ၅ မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ထိုင်း ကုန်စည်ပြပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မှာရှိတဲ့ ရန်ကုန် ကုန်သွယ်မှု ဗဟိုဌာနမှာ ကျင်းပခဲ့ပြီး အဲဒီကုန်စည်ပြပွဲဟာ ရန်ကုန် ကုန်သွယ်မှုဗဟိုဌာနမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ကုန်စည်ပြပွဲလည်း ဖြစ်ပါတယ်။ အဲဒီ နောက်ဆုံးပြပွဲမှာ လူစုလူဝေးအတွင်း အချိန်ကိုက်ဗုံး ပေါက်ကွဲခဲ့တာကြောင့် လူအများအပြား သေဆုံးစေခဲ့ပါတယ်။ တချိန်ထဲမှာပဲ ရန်ကုန်မြို့ နေရာများဖြစ်တဲ့ ဒဂုံစင်တာနဲ့ ၈ မိုင်ရှိ Jansion 8 မှာပါ ပေါက်ကွဲခဲ့တာကြောင့် ရန်ကုန်လူထုအနေနဲ့ ကုန်စည်ပြပွဲများအပေါ် အထိတ်တလန့် ဖြစ်ခဲ့ရပြီး ၁ နှစ်ကျော် တိုင်တဲ့အထိ ရန်ကုန်မှာ ကုန်စည်ပြပွဲများ၊ ဈေးရောင်းပွဲများကို ပြလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှာတော့ ကိုရီးယား ကုန်စည်ပြပွဲကို ရန်ကုန် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC စင်တာမှာ ပြုလုပ်ခဲ့ပြီး တနှစ်တကြိမ် ပြုလုပ်ခဲ့တဲ့ ကိုရီးယား ကုန်စည်ပြပွဲတွေဟာ ၁ဝ စုနှစ်တခုနောက်ပိုင်း ရန်ကုန်လူထုကို ဖမ်းစားနိုင်ခဲ့တဲ့ ကုန်စည်ပြပွဲအဖြစ် ဖြစ်လာခဲ့ပါတယ်။

၂ဝဝဝ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အိုင်စီတီလောက အပြောင်းအလဲနဲ့အတူ ထွက်ပေါ်လာတာကတော့ အိုင်စီတီရှိုးတွေဖြစ်တဲ့ အိုင်စီတီနည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတွေ ဖြစ်ပါတယ်။ နည်းပညာ အသစ်အဆန်းများကို လေ့လာနိုင်တယ်ဆိုတဲ့အနေနဲ့ ဒီပွဲတွေကို စတင်ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဈေးရောင်းပွဲသက်သက် ဖြစ်လာတဲ့အတွက် ကွန်ပြူတာလုပ်ငန်းရှင်တွေအနေနဲ့ အပြိုင်ကြဲရာ ဈေးကွက်ဝေစုကိုလုတဲ့ နေရာတွေအဖြစ် တွင်ကျယ်လာခဲ့ပါတယ်။ အိုင်စီတီပြပွဲတွေကို ၂ဝဝ၅ နဲ့ ၂ဝဝ၆ တို့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ MICT-park @ Myanmar Information and technology park(Myanmar Info-tech) မှာ ကျင်းပခဲ့ပြီး ၂ဝဝ၇ မှစတင်ပြီး တပ်မတော်ခန်းမမှာ ပြောင်းလဲကျင်းပခဲ့ပါတယ်။ မန္တလေးမြို့မှာတော့ ရတနာပုံဈေးအပေါ်ထပ်မှာ ကျင်းပခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြင်ဦးလွင်မြို့အနီးက ရတနာပုံ ဆိုက်ဘာစီးတီးမှာ ပြောင်းလဲကျင်းပခဲ့ပါတယ်။

တယ်လီဖုန်း နည်းပညာပြပွဲနဲ့ ဈေးရောင်းပွဲတွေကို ရန်ကုန်မြို့ သာကေတမှာရှိတဲ့ Capital shopping mall မှာ ၂ဝဝ၈ ခုနှစ်အတွင်း စတင်ကျင်းပခဲ့ပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်များကို အထောက်အကူပြုတဲ့အတွက် အထွေထွေဈေးပွဲတော်တွေ ဟာ မိတ္ထီလာ၊ ပုခုက္ကူ၊ မုံရွာ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေမှာ အနည်းဆုံး တနှစ် ၂ ကြိမ် ယနေ့အထိ ကျင်းပဆဲ ဖြစ်ပါတယ်။

နယ်စပ်ဒေသ ပြပွဲများ

၁၉၉၇ မတိုင်ခင် ကုန်စည်ပြပွဲတွေမှာ စက်မှုလက်မှု ထုတ်ကုန်တွေအပြင်၊ စက်ပစ္စည်းတွေ၊ မော်တော်ယဉ်တွေကိုပါ ထည့်သွင်းပြသခဲ့ပြီး နိုင်ငံတကာမှ လုပ်ငန်းအချို့ ပါဝင်ပြသနိုင်ခဲ့ပေမယ့် ၁၉၉၇ နောက်ပိုင်း ကုန်စည်ပြပွဲတွေဟာ စားသောက်ကုန် လူသုံးကုန်ပစ္စည်းများကို အဓိကထား ပြသရောင်းချခဲ့နိုင်ပြီး အများစုဟာ ပြည်တွင်းလုပ်ငန်းရှင်တွေ ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ်နောက်ပိုင်းမှာ မြန်မာပြည်နယ်စပ်ဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်နဲ့ မြဝတီတို့တွင်ပါ ကုန်စည်ပြပွဲများကို နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ပါ ပူးတွဲပြသခဲ့ကြပါတယ်။

အကျဘက်လည်း ကြုံ

၂ဝဝ၅ ခုနှစ် နောက်ပိုင်းမှာတော့ လုံခြုံရေးအရ များစွာစိတ်မချရတဲ့ နေရာများဖြစ်လာတဲ့အတွက် ရန်ကုန်လူထု အများအပြားဟာ ကုန်စည်ပြပွဲများအပြင် ဈေးပွဲတော်နဲ့ အခြားလူစည်ကားရာ နေရာများကို စိုးရိမ်တတ်လာသလို ၂ဝဝ၇ အတွင်း အခြေအနေများ၊ ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ၂ဝဝ၉ အတွင်း ဖြစ်ပွားခဲ့တဲ့ H1N1 လူတုတ်ကွေးရောဂါများကြောင့်ပါ အသွားအလာနဲ့ အဝယ်အခြမ်း လျော့ကျမှုကို လက်တွေ့ကျကျ ရင်ဆိုင်ခဲ့ရပါတယ်။

ဖျော်ဖြေရေး၊ မော်ဒယ်နဲ့ ကုန်စည်ပြပွဲ

ကုန်စည်ပြပွဲနဲ့ဈေးရောင်းပွဲတော်တွေမှာ အစဦးပိုင်းကနေ လက်ရှိအချိန်ထိ ဖျော်ဖြေရေးလို့ဆိုတဲ့ မော်ဒယ်ရှိုးတွေ၊ အကအဖွဲ့တွေနဲ့ ပြပွဲလာ ပရိသတ်ကို အာရုံဖမ်းစားမှု အများအပြားပေးနိုင်တဲ့ စနစ်တခုကို ကျင့်သုံးခဲ့ပါတယ်။

မြန်မာ့မော်ဒယ်လောကအတွက် အရေးပါတဲ့ ဈေးကွက်တခုဖြစ်ပြီး မော်ဒယ်နဲ့ Dancer အဖွဲ့များ ရပ်တည်မှုဟာ ကုန်စည်ပြပွဲနဲ့ ဈေးပွဲတော်များကြောင့် များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

နယ်မြို့များအတွက်ဆိုရင် ဖျော်ဖြေရေး အဖွဲ့တွေဟာ ကုန်စည်ပြပွဲတွေရဲ့ အသက်တခုလို့တောင် ဆိုနိုင်တဲ့အထိ အရေးပါ အရာရောက်လှတာကို တွေ့ရပါတယ်။ တခါတရံမှာ စတိတ်ရှိုးများပါ ထည့်သွင်း ထားပြီး ပြပွဲလာပရိသတ်ကို များပြားအောင် ဆွဲဆောင်လေ့ရှိပါတယ်။ တချို့ ဈေးပွဲတော်တွေ ပြပွဲတွေမှာ နာမည်ကြီးအဆိုရှင် အများအပြားကို ထည့်သွင်းအသုံးပြုတာကိုလည်း တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ရတနာပုံ ဆိုက်ဘာစီးတီးမှာ ပြုလုပ်တဲ့ ၈ ကြိမ်မြောက် မြန်မာ့အိုင်စီတီပြပွဲမှာတော့ နာမည်ကြီး အဆိုတော် ၅ဝ ကျော်ကို ထည့်သွင်းပြီး တင်ဆက်ဖျော်ဖြေနေတာကို တွေ့ရပါတယ်။ ၂ဝဝ၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထိုင်းကုန်စည်ပြပွဲ ဗုံးပေါက်ကွဲမှုဟာ ဖျော်ဖြေရေးစင်အောက်မှ ပေါက်ကွဲခဲ့တာကြောင့် လူအများအပြား ထိခိုက်သေကြေခဲ့တာ ဖြစ်ပါတယ်။

ဈေးပွဲတော်တွေအတွင်း လူအများအပြား စုဝေးနေတဲ့ ဖျော်ဖြေရေးစင်မြင့်တွေမှာ တခါတရံမှာ မော်ဒယ်များက သရုပ်ပျက် ဝတ်စားဆင်ယင်မှုများဖြင့် တင်ဆက်တတ်တာကြောင့် မကြာခဏ သတိပေး ခံရတတ်တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေကို ပြပွဲအတွင်း ၃ ကြိမ်ခွဲ တင်ဆက်လေ့ရှိပြီး သက်ဆိုင်ရာ ပြပွဲအတွင်းက ကုန်ပစ္စည်းများကိုလည်း ကြော်ငြာပြသခြင်းနဲ့ သရုပ်ပြ တင်ဆက်ခြင်းတွေကိုလည်း ပြုလုပ်တတ်ပါတယ်။

အဓိကကတော့ ပွဲမိန့်

ပုံမှန်ဈေးပွဲတော်တခုကို စီစဉ်တဲ့နေရာမှာ စီစဉ်သူတွေဟာ အများအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ ပြပွဲတွေကို သီးသန့်လုပ်ဆောင်တဲ့ လုပ်ငန်းတွေဟာ မြန်မာပြည်မှာ အများအပြား ဖြစ်လာခဲ့ပြီး ဈေးပွဲတော်တွေ၊ ပြပွဲတွေနဲ့ စတိတ်ရှိုးတွေကို တင်ဆက်ပြသကြပါတယ်။

လုပ်ငန်းအများစုကိုတော့ အာဏာရှိသူ (အရပ်အခေါ် လူကြီးအသိုင်းအဝိုင်း) နဲ့ နီးစပ်သူများကပဲ လုပ်ကိုင်နေတာကို တွေ့မြင်နိုင်ပြီး၊  ပွဲမိန့်လို့ဆိုတဲ့ ခွင့်ပြုချက်ကို အလွယ်တကူ ရယူနိုင်စွမ်း ရှိသူတွေဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်ဈေး၊ မင်္ဂလာဈေးတို့တွေလို နာမည်ကြီး ဈေးကြီးတွေရဲ့ ဈေးပွဲတော်တွေဟာ အသိုင်းအဝိုင်း နီးစပ်သူများ စီစဉ်တဲ့ ပွဲကြီးတွေအဖြစ် ထင်ရှားပြီး နယ်မြို့များနဲ့ ရန်ကုန်မြို့ဆင်ခြေဖုံး မြို့နယ်တွေအထိတိုင် ပွဲစီစဉ်သူတွေက အသီးသီး နေရာယူထားပြီး ပုံမှန်ကျင်းပလေ့ ရှိပါတယ်။

ဈေးရောင်းပွဲကျင်းပရာမှာ ရန်ပုံငွေပွဲအဖြစ် နာမည်တခုခု တပ်ဆင်ကျင်းပတဲ့ အခါများရှိသလို သီးခြား ကျင်းပတာတွေလည်း ရှိပါတယ်။ ရန်ပုံငွေပွဲအဖြစ် နာမည်တပ်ဆင်ခြင်းဖြင့် ပွဲမိန့်ကို အလွယ်တကူ ရရှိနိုင်ပြီး လုံခြုံရေးပိုင်းအတွက်ပါ အထောက်အပံ့ရှိတဲ့အတွက် နောက်ပိုင်း ကုန်စည်ပြပွဲနဲ့ဈေးရောင်းပွဲတွေဟာ အဖွဲ့အစည်းများရဲ့ အရှိန်အဝါနောက်ကနေ လိုက်ပါကျင်းပလာတာကို တွေ့ရပါတယ်။

ပွဲတခုကို စတင်စီစဉ်ဖို့အတွက် ဘယ်မှာ ကျင်းပမယ်ဆိုတဲ့နေရာကို ရွေးချယ်ရပါတယ်။ ကျင်းပမယ့်နေရာနဲ့ သက်ဆိုင်သူတွေဖြစ်တဲ့ ဈေးကော်မတီလို အဖွဲ့တွေကို လက်ဆောင်နဲ့ အခြားသော အထောက်အပံ့များ ပေးကာ ပွဲကျင်းပခွင့် ရရှိရေးကို စတင်ရလေ့ရှိပါတယ်။ အဲဒီနောက်မှာတော့ ပွဲအတွင်း မည်သို့ ပြသမယ် ဆိုတာတွေကို အစီအစဉ်များ ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြရပါတယ်။

စစ်ဘက်၊ အရပ်ဘက် အာဏာရှိသူတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေဟာ ပွဲကျင်းပခွင့်ကို အလွယ်တကူ ရနိုင်ပြီး မနီးစပ်တဲ့ သူတွေကတော့ ပွဲမိန့်ရရှိရေးအတွက် နီးစပ်ရာတွေကို ကပ်ရပါတယ်။ ပွဲအကြီးအသေးပေါ် မူတည်ပြီး မြို့နယ် အေးချမ်းဖြိုးရဲ့ ခွင့်ပြုမိန့်နဲ့ ကျင်းပနိုင်သလို စစ်ဒေသ ဒါမှမဟုတ် တိုင်းမှူးအထိ ခွင့်ပြုချက်တောင်းခံရတဲ့ ပွဲများလည်း ရှိပါတယ်။ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ရဲ့ အကူအညီရနိုင်ဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့အတွက်လည်း အစီအစဉ်တခု လုပ်ပေးရပါတယ်။

အဓိကကျတာကတော့ ပွဲခွင့်ပြုမိန့်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း  ပွဲမိန့်ဟာ အချိန်မရွေး ပြန်ရုပ်သိမ်းခံရတတ်တာကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ တခါတရံမှာ ကုန်ကျမှုများကို အဆုံးအရှုံးခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ပွဲတခုအတွက် ပွဲကျင်းပခွင့်ရရေးဟာ ကာလပေါက်ဈေး ၅ သိန်းကနေ သိန်း ၃ဝ လောက်အထိ ကုန်ကျမှုရှိတယ်လို့ လေ့လာသိရှိရပါတယ်။

ပွဲမိန့်ကို အထူးတလည် တောင်းခံစရာ မလိုတဲ့ နေရာတွေလည်း ရှိပါတယ်။ အိုင်စီတီရှိုးတွေနဲ့ ပတ်သက်လို့တော့ ပွဲမိန့်ရရှိရေးဟာ မြန်မာအင်ဖိုတက် အဆောက်အဦးထဲမှာ ကျင်းပတဲ့အခါမှာ ပွဲကျင်းပခွင့် သီးသန့်တောင်းခံစရာ မလိုပါဘူး။ တပ်မတော်ခန်းမမှာ ကျင်းပတဲ့ ပွဲများအတွက်လည်း အခြားသော ပြပွဲများအတွက်သာ ပြပွဲကျင်းပခွင့် လျှောက်ထားစရာ လိုအပ်ပြီး အိုင်စီတီရှိုးများအတွက် ပြပွဲ ကျင်းပခွင့်များကို မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်နဲ့ သူ့လက်အောက် အဖွဲ့များဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်များအသင်းနဲ့ ကွန်ပြူတာ ပညာရှင်များ အသင်းတို့လို အသင်းအဖွဲ့တွေက တာဝန်ယူဆောင်ရွက်လေ့ရှိပါတယ်။

ကန်တော်ကြီး မျှော်စင်ကျွန်းနဲ့ ကန်တော်ကြီး အပန်းဖြေပန်းခြံအတွင်း ပြုလုပ်တဲ့ ဈေးရောင်းပွဲနဲ့ စတိတ်ရှိုးများ အတွက်လည်း ပွဲကျင်းပခွင့်တောင်းခံဖို့ မလိုအပ်ဘဲ ပန်းခြံအုပ်ချုပ်ရေးအဖွဲ့မှ တပါတည်း ဆောင်ရွက်ပေးတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း  အဲဒီလို ပွဲကျင်းပခွင့်တောင်းခံဖို့ မလိုအပ်တဲ့ ပွဲတွေဟာလည်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေကို ပွဲကျင်းပချိန်မှာ လုံခြုံရေး ဆောင်ရွက်ပေးနိုင်ဖို့အတွက်တော့ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ရန်ပုံငွေနဲ့ အလှူငွေများ ထည့်ဝင်ပြီး ဆောင်ရွက်ကာ အသိပေးရတာကတော့ အမြဲရှိနေမှာ ဖြစ်ပါတယ်။

ဆိုင်ခန်းဈေး

ဈေးများမှာ ပြုလုပ်တဲ့ ဈေးရောင်းပွဲတွေ၊ ဘုရားပွဲနဲ့ အခြားသောနေရာများမှာ ပြုလုပ်တဲ့ ဈေးရောင်းပွဲတွေ အတွက် ဆိုင်ခန်းခတွေဟာ ပုံမှန်အားဖြင့် အနည်းဆုံး ကျပ် ၅ သောင်းကနေ အများဆုံး ကျပ် ၂ သိန်းခွဲ၊ ၃ သိန်းအထိ ပေါက်ဈေး ရှိပါတယ်။ ဈေးပွဲတော်ပြုလုပ်တဲ့ ရက်အားလုံးအတွက် အကြုံးဝင်ပြီး ပုံမှန်အားဖြင့် အများဆုံး ၃ ရက်အထိသာ ကျင်းပလေ့ရှိပါတယ်။  ရက်ရှည်ကြာတဲ့ ဘုရားပွဲနဲ့ ဈေးပွဲတော်များအတွက် ဆိုင်ခန်းခတွေဟာ ၅ သိန်းအထိ ရှိတတ်ပါတယ်။

ဆိုင်ခန်းခပေးပြီး ဝင်ရောက်ပြသသူများ ရှိသလို၊ စပွန်ဆာလို့ခေါ်တဲ့ ကြော်ငြာကြေးနဲ့ ထောက်ပံ့မှုပေးပြီး ဝင်ရောက်ပြသတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ ပုံမှန်ပြုလုပ်တဲ့ ဈေးရောင်းပွဲတွေအတွက် အဓိက ထောက်ပံ့မှု စပွန်ဆာတွေဟာ ကျပ် ၂ သိန်းကနေ ၁ဝ သိန်းအထိ ထောက်ပံ့မှုပြုလုပ်ပြီး ဝင်ရောက် ပြသလေ့ရှိပါတယ်။ အခြားကုန်ကျမယ့် စရိတ်များလည်း ရှိပါသေးတယ်။ ဥပမာ - မီးချောင်းအရေအတွက် ပိုယူခြင်းများ၊ နေရာကောင်းကောင်း ရရှိလိုခြင်းအတွက် အပိုကြေးများ ဖြစ်ပါတယ်။

ကွန်ပြူတာ ပြပွဲတွေကတော့ ဈေးနှုန်းကြီးမြင့်လှတဲ့ ဈေးဆိုင်ခန်းများကို နေရာရောင်းချလေ့ရှိပြီး၊ နောက်ပိုင်း ကျင်းပတဲ့ ကွန်ပြူတာ ပြပွဲတွေမှာ ဆိုင်ခန်းခတွေဟာ ကျပ်သိန်း ၆ဝ နီးပါးအထိ ရှိပါတယ်။ တခါတရံ ဒီဆိုင်ခန်းနေရာအတွက် လေလံပြုလုပ်ရောင်းချတာကိုလည်း တွေ့ရပါတယ်။

ငွေလုပ်စက်များ ရနိုင်တဲ့ ဟန်ပြ ပြပွဲများ

စားသုံးသူအများစုအတွက် တကယ်တမ်း အသုံးမဝင်ပေမယ့် ဝင်ရောက်ပြသတဲ့ လုပ်ငန်းရှင်များကို အကျိုးဖြစ်ထွန်းစေတဲ့ ပုံမှန်မဟုတ်တဲ့ သီးသန့်ပြပွဲကြီးတွေကို ကဏ္ဍအလိုက် ကျင်းပလေ့ ရှိတတ်ပါတယ်။
ရတနာပုံ ဆိုက်ဘာစီးတီးမှာ ကျင်းပနေတဲ့ ကွန်ပြူတာပြပွဲတွေ၊ ဟိုတယ်ကြီးများနဲ့ တခါတရံ MCC လို နေရာမျိုးတွေမှာ ပြုလုပ်တဲ့ ကုန်စည်ပြပွဲတွေ၊ နယ်စပ်ဒေသများမှာ ကြီးကြီးမားမား ပြုလုပ်တတ်တဲ့ တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ ကုန်စည်ပြပွဲတွေဟာ အမှန်တကယ်မှာ ကုန်ကျမှုများစွာရှိပြီး လက်တွေ့မှာ အကျိုး ဖြစ်ထွန်းမှု ပြန်မရတတ်တဲ့ ကုန်စည်ပြပွဲကြီးတွေအဖြစ် အပေါ်ယံအားဖြင့် မြင်ရမှာဖြစ်ပါတယ်။
အဲဒီ ပြပွဲကြီးတွေအတွက် ပါဝင်ပြသမယ့် လုပ်ငန်းရှင်တွေဟာ ငွေကုန်ကြေးကျ များစွာအသုံးပြုရခြင်း၊ လူအင်အားနဲ့ စီစဉ်မှု အချိန်များစွာ ပေးပြီး ဝင်ရောက်ပြသရလေ့ ရှိပါတယ်။

သို့ပေမဲ့လည်း ဝင်ရောက်ပြသမှုကြောင့် ငွေကြေးအရှုံးနဲ့ ရင်ဆိုင်ရသော်လည်း ဝင်ရောက်ပြသမှုကြောင့် စီးပွားရေး အခွင့်အလမ်းများအတွက် အဆက်သွယ်ကောင်းများ ရရှိစေခြင်း၊ အစိုးရ ပရောဂျက်များအတွက် လုပ်ပိုင်ခွင့်များ ပြန်ရရှိစေပါတယ်။

နှစ်နိုင်ငံ ပူးတွဲပြသတဲ့ ကုန်စည်ပြပွဲကြီးတွေကနေ စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေနဲ့ စာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပြီး လုပ်ကိုင်ခွင့် ရရှိဖို့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ နှစ်စဉ်ပြုလုပ်တဲ့ ပွဲများမှာ ပါဝင်ဖို့ လိုအပ်သလို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးတွေရဲ့ ထောက်ခံချက်တွေ ရရှိဖို့ လိုပါတယ်။ အခွင့်အလမ်း ကောင်းများနဲ့ အဆက်အသွယ်ကောင်းများ ရရှိအောင် ပါဝင်ပြသကြပါတယ်။

အထင်ကရအားဖြင့် ပြင်ဦးလွင်အနီး ရတနာပုံဆိုက်ဘာစီးတီးမှာ ပြုလုပ်တဲ့ ကွန်ပြူတာ ပြပွဲတွေဟာ လာရောက်ကြည့်ရှုသူ နည်းပါးသော်လည်း ပါဝင်ပြသတဲ့ လုပ်ငန်းရှင်တွေအတွက် လက်ရှိနေပြည်တော်မှာ ပြုလုပ်နေတဲ့ ဝန်ကြီးဌာနဆိုင်ရာ ကွန်ပျုတာနည်းပညာ ပရောဂျက်များအတွက် လုပ်ပိုင်ခွင့်ရရှိစေဖို့ရာ အပြိုင်အဆိုင် ရှာဖွေရာဖြစ်သလို ရတနာပုံ ဆိုက်ဘာစီးတီးအတွက် ကျန်ရှိနေသေးတဲ့ ပရောဂျက်များ အတွက်ပါ အခွင့်အလမ်း ကောင်းများ ဖော်ဆောင်ရာ ဖြစ်ပါတယ်။

 
Ask Mizzima
yeyintaung

သူတို့စကား

"နောက်ဆုံးတော့ ကျနော်တို့ သဘောပေါက်သွားတာက ပန်းတိုင်ကို မပြောင်းပေမယ့်၊ ကျနော်တို့ရဲ့ နည်းလမ်းတွေ ပြောင်းလဲဖို့တော့ လိုတယ်ဆိုတာပါပဲ။ ကျနော် ထင်ပါတယ်၊ ဒီအစောပိုင်းအဆင့်မှာ ကျနော်တို့ အတူထိုင်ဆွေးနွေးဖို့ အဆင်သင့် ရှိနေတာကို မြန်မာအစိုးရက သိရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားတာက မြန်မာနိုင်ငံမှာ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး "

ကာ့တ် အမ် ကမ့်ဘဲလ် (လက်ထောက်အတွင်းရေးမှူး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ၊ အမေရိကန်)



© Copyright 1998 - 2009 Mizzima News. All Rights Reserved