သတင်း ပြည်တွင်းသတင်း စာပေကင်ပေတိုင် ညွှန်ကြားချက်သစ် ဥပေဒများကို မရေးရဲအောင်ဖြစ်
စာပေကင်ပေတိုင် ညွှန်ကြားချက်သစ် ဥပေဒများကို မရေးရဲအောင်ဖြစ် Print E-mail
ဖနိဒါ   
Tuesday, 27 July 2010 19:45

ချင်းမိုင် (မဇ္ဈိမ) ။      ။ စာပေစိစစ်ရေးဌာန၏ ပြည်တွင်းဂျာနယ်များအပေါ် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကိုးကားမှုဆိုင်ရာ ညွှန်ကြားချက်က သတင်းစာဆရာများကို ရေးသား မဖော်ပြရဲအောင် ဟန့်တားသကဲ့သို့ ဖြစ်သွားတော့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဇူလိုင် ၂ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိသည်။

”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” ဟု ပါရှိသည်။

”မှားယွင်းဖော်ပြမှုမျိုး ဖြစ်ပွားပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားပါသည်” ဟု ထပ်မံ ပါရှိသည်။

အပတ်စဉ်ထုတ် ဂျာနယ်တခုမှ ဝါရင့် အယ်ဒီတာတဦးက  “ဥပဒေရေးရာ သုံးနှုန်းထားတာတွေက သာမန် ပြည်သူတွေ နားလည်ခက်မယ်။ အခြေခံဥပဒေပါ အချက်အလက်တွေကတော့ ဘာတွေပါဆိုပြီးတော့ ပြည်သူနားလည်အောင် ပြန်ပြီး ရှင်းပြလို့ မဖြစ်တော့ဘူး။ ကျနော်တို့က ပြည်သူနားလည်စေချင်လို့ ရှင်းပြပေမယ့် မှားပါတယ်ဆိုရင် ကိုယ်ပဲ ဒုက္ခရောက်မှာ စိုးလို့ မရေးတော့ဘူး” ဟု မဇ္ဈိမကို ပြောသည်။

The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သုံးသပ်ထားသည့် ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် ဂျာနယ်ထုတ်ဝေမှု နှစ်ပတ် ပိတ်ခံခဲ့ရပြီးနောက် ဆင်ဆာဘုတ်၏ တားမြစ်မှု ထွက်လာခြင်းလည်း ဖြစ်သည်။

စာပေစိစစ်ရေးက အတည်ပြုပေးခဲ့သော်လည်း ဈေးကွက်အတွင်း ဖြန့်ချိပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိပ္ပာယ် လွဲမှားစေသည်ဟု တရားရုံးချုပ်က ဝင်စွက်ဖက်ပြီး ဂျာနယ်ကို ပိတ်ပင်ခဲ့သည်။

သတင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ သီအိုရီအရ ဥပဒေတွေက နည်းနည်းရှုပ်တဲ့ သဘောရှိတယ်၊ သာမန်လူတွေ နားလည်ဖို့ ခက်တယ်။ လူတွေက ဖတ်လိုက်တာနဲ့ လွယ်လွယ်ကူကူနဲ့ သိသွားအောင်ဆိုပြီး  ဒီအခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေက  ရှင်းပြရမယ်လေ။ ဒါပေမဲ့ အခုတော့ ရေးဖို့ ခက်သွားတာပေါ့” ဟု ပြောသည်။

အလားတူ ယခင်တပတ်ထုတ် Flower News ဂျာနယ်တွင် “ဥပဒေရေးရာ သိမှတ်ဖွယ်” ဟူ၍ ဥပဒေသုံးသပ်ချက်များ ရေးသားထားသည်ကို တရားရုံးချုပ်က ကန့်ကွက်စာပို့သဖြင့် ယင်းဥပဒေ သုံးသပ်ချက်ကို ဖြုတ်လိုက်သည့်အပြင် အမှားပြင်ဆင်ချက် ပြန်ထည့်ရကြောင်း ယင်းဂျာနယ်တိုက်နှင့် နီးစပ်သူ အယ်ဒီတာတဦးက ပြောသည်။

ထို့ပြင် ဂျာနယ်ပိတ်ပင်ခံရလျှင် စာပေစိစစ်ရေး လက်ချက်မဟုတ်သကဲ့သို့ ဟန်ဆောင်ရမည့် ကိစ္စတခုမှာ ပိတ်ပင်ခံရသည့် ဂျာနယ်များအနေဖြင့် မိမိဘာသာ ရပ်နားကြောင်း စာဖြင့် ထုတ်ပြန်ရန် စာပေ ကင်ပေတိုင်ဟု သတင်းစာဆရာများက လှောင်ပြောင်သည့်ဌာနက စကားဖြင့် ညွှန်ကြားထားသည်ဟု စုံစမ်းသိရှိရသည်။

ဗိုလ်မှူးတင့်ဆွေသည် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ခန့်အပ်မည် ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းက စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ရေတပ်မှ ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တာဝန်ယူသည့် နောက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ဝေဖန်၊ သုံးသပ်ထားသည့် နိုင်ငံရေးပါတီဝင်တချို့ အင်တာဗျူး၊ သတင်း၊ ဆောင်းပါးများကို ပိုမိုစိစစ်ဖြတ်တောက်ခဲ့သည်။

ထို့ပြင် Envoy နှင့် ပေါ်ပြူလာ ဂျာနယ်များတွင် သရုပ်ဆောင်များ၏ ဝတ်စားစီရင်မှုသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟုဆိုကာ ဂျာနယ်ထုတ်ဝေခွင့် တပတ်ရပ်နားခဲ့သည်။

 
Ask Mizzima
yeyintaung

သူတို့စကား

"နောက်ဆုံးတော့ ကျနော်တို့ သဘောပေါက်သွားတာက ပန်းတိုင်ကို မပြောင်းပေမယ့်၊ ကျနော်တို့ရဲ့ နည်းလမ်းတွေ ပြောင်းလဲဖို့တော့ လိုတယ်ဆိုတာပါပဲ။ ကျနော် ထင်ပါတယ်၊ ဒီအစောပိုင်းအဆင့်မှာ ကျနော်တို့ အတူထိုင်ဆွေးနွေးဖို့ အဆင်သင့် ရှိနေတာကို မြန်မာအစိုးရက သိရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ သိထားတာက မြန်မာနိုင်ငံမှာ ဘာမှ အပြောင်းအလဲ မရှိသေးပါဘူး "

ကာ့တ် အမ် ကမ့်ဘဲလ် (လက်ထောက်အတွင်းရေးမှူး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ၊ အမေရိကန်)



Who is Watching Mizzima

We have 10 guests online
© Copyright 1998 - 2009 Mizzima News. All Rights Reserved